သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၁)



လွန်ခဲ့သောနှစ်ပေါင်း၂၆၀၀ ကျော်လောက်က ဗောဓိပင်ရင်းရွှေပလ္လင်ထက်၌ မည်သည့်ရုပ်ဝတ္ထုပစ္စည်း အကူအညီမျှမပါ လောကသုံးပါးစလုံးကိုချွင်းချက်မရှိသိမြင်တော်မူသောဂေါတမဗုဒ္ဓဘုရားရှင်၏အတုမဲ့ ဥာဏ်ပညာအား ဘုရားတပည့်တော်ရိုသေစွာပူဇော်ပါ၏ဘုရား။
  တချို့က“ ဗုဒ္ဓဘာသာသည် သိပ္ပံနည်း ကျဆုံးသော ဘာသာတရားဖြစ်သည်။” ဟု ဆိုကြ၏ ။
အမှန်တကယ်စဉ်းစားကြည့်ပါ ။ ဗုဒ္ဓ၏ တရားတော်များအားလုံးကို အသာထား ၊ အဘိဓမ္မာတရားတော်မျှသည်ပင် သိပ္ပံပညာအားလုံးထက် အလွန်ကျယ်ဝန်းပါ၏။
ဗုဒ္ဓတရားတော် ကို သိပ္ပံပညာဖြင့် ချိန်စက်ကြည့်ခြင်းသည် ၊ ဘွဲ့ရ ပြီးသူတစ်ယောက်၏ ပညာတတ်မြောက်မှုကို ငါးတန်းကျောင်းသားကလေးမှ စစ်ဆေးနေသလို
ဖြစ်နေပါ၍ အဘယ်မှာ ပြီးပြည့်စုံအမှန်ကိုတွေ့လေမည်နည်း။

 “သိပ္ပံပညာသည် ဗုဒ္ဓ၏သာသနာ(အဆုံးအမ)နှင့် ကိုက်ညီသည်ဟု။” သာအမှန်တကယ်ပြောဆိုရပေမည်။
 
                         သိပ္ပံပညာမှ ရှေးဦးတွေ့ရှိခဲ့သော အခြေခံနိယာမများ                             

Antoine Lavoisier 1743- 1794

- 1789ခုနှစ်တွင် ပြင်သစ်သိပ္ပံပညာရှင် လဗွိုင်စီယာ( Antoine Lavoisier ) က
  ဒြပ်ထုတည်မြဲနိယာမ(The Law of Conservation of Mass) တွင်

 “ ဒြပ်ထုကို ဖန်တီး၍မရနိုင် ၊ ဖျက်ဆီး၍လည်းမရနိုင် ” “ဓာတ်ပြုခြင်းတစ်ခုတွင်ဓာတ်မပြုမီဓာတ်ပြုပစ္စည်းများ၏စုစုပေါင်းဒြပ်ထုသည် ဓာတ်ပြု ပြီး    ဓာတ်ဖြစ်ပစ္စည်းများ၏စုစုပေါင်းဒြပ်ထုနှင့်တူညီသည်။”

 ဒြပ်ထုသည်တည်မြဲ ဟု အဆိုပြုခဲ့၏။

John Dalton
1808 တွင် အင်္ဂလန်နိုင်ငံသား ဒေါ်လတန်(John Dalton) က သူ၏ “အက်တမ်သီအိုရီ
(Dalton's Atomic Theory ) တွင် 

  ဒြပ်စင်များကိုအက်တမ်ဟုခေါ်သောအလွန့်အလွန်သေးငယ်သည့်အမှုန်များဖြင့်ပြုလုပ်ထားသည်။
   အက်တမ်းများကို ထပ်မံပိုင်းစိပ်၍လည်းမရ ၊ဖန်တီး၍လည်းမရ ၊ ဖျက်ဆီး၍လည်းမရနိုင်” ဟုဆိုခဲ့၏။

- 1850 တွင်စကော့တလန်နိုင်ငံသား ၀ီလီယမ် ရမ်ခိုင် (William Rankine) က
စွမ်းအင်တည်မြဲမှုနိယာမ(The Law of the Conservation of Energy)ကို ပထမဆုံးအသုံးပြုခဲ့၏။
စွမ်းအင်တည်မြဲမှုနိယာမ(The Law of the Conservation of Energy) တွင်
   “စွမ်းအင်ကို ဖန်တီး၍မရနိုင် ၊ ဖျက်ဆီး၍လည်းမရနိုင်၊
သို့သော်စွမ်းအင်ပုံစံတစ်ခုမှအခြားစွမ်းအင်ပုံစံသို့ပြောင်လဲနိုင်သည်။
အထီးကျန်စံနစ်( isolated system )တစ်ခုတွင်စုစုပေါင်းစွမ်းအင်သည်မပြောင်း ကိန်းသေဖြစ်သည်။တည်မြဲသည်။”  ဟု အဆိုပြုသည်။

- အရာဝတ္ထု(အစိုင်အခဲ၊အရည် ၊အငွေ့ ) တို့၏ဒြပ်သားပမာဏ ဒြပ်ထု  နှင့် စွမ်းအင်အမျိုးမျိုး တို့သည် အခြေအနေတစ်ခုမှတစ်ခုသို့ ပြောင်းလဲနေသဖြင့် ၎င်း အရာဝတ္တု နှင့် စွမ်းအင်များသည် “ရုပ်” ဖြစ်၏။

- သိပ္ပံပညာရပ်၏ အခြေခံနိယာမ သုံးမျိုးစလုံးက “ရုပ်”ကိုဖန်တီး၍မရဟု အဆိုပြု၏ ။
ဆိုလိုသည်မှာ ဤလောကတွင် အကြီးမားဆုံးဝတ္ထု “မဟာစက်ြဝဠာ” မှ အသေငယ်ဆုံးဝတ္ထု “ဟိုက်ဒြိုဂျင်အက်တမ်”အထိရုပ်အားလုံးကို မည်သူမျှ မည်သို့မျှ ဖန်တီး၍မရ ။ တည်မြဲ၏ ဟုဆိုလို၏။

- သိပ္ပံပညာရပ်၏ အခြေခံနိယာမ သုံးမျိုးစလုံးက “ဖန်ဆင်းရှင်ဝါဒ၊သဘောတရား” ကို ပယ်ခဲ့လေပြီ

- ဗုဒ္ဓ၏အဘိဓမ္မာအရ  “ရုပ်” ကို “ကံ၊စိတ်၊ဥတု၊အဟာရ ” တို့က ဖြစ်ပေါ်ပွားများစေ၏ ။
  နောက်တစ်ချက် အရာခပ်သိမ်းတို့သည် “အနိစ္စ (မမြဲခြင်း) ” လက္ခဏာသာရှိသဖြင့်
  အထက်ပါ သိပ္ပံပညာအခြေခံနိယာမ သုံးမျိုးစလုံးသည် ချွတ်ယွင်းချက်၊အားနည်းချက် ရှိနေကြောင်းတွေ့ရမည်ဖြစ်သည်။
   ဗုဒ္ဓ၏အဘိဓမ္မာအရ အထက်ပါနိယာမသုံးမျိုးစလုံးမှားယွင်းနေသည်ကိုတွေ့ရမည်ဖြစ်သည်။

Albert Einstein
-  1905 ခုတွင်၂၀ရာစု သိပ္ပံပညာရှင်ကြီး အိန်းစတိန်း(Albert Einstein) က ကမ္ဘာကျော် “ နှိုင်းရသီအိုရီ (Relativity Theory)” ကို
   ဖော်ထုတ်နိုင်ခဲ့သည်။၎င်းသီအိုရီမှ အချက်တစ်ချက်ဖြစ်သော
  ဒြပ်ထု-စွမ်းအင် ညီမျှမှု (Mass–Energy Equivalence ) တွင်ဖော်ပြထားသော
 
 “The equivalence of energy E and mass m is reliant on the speed of light c and is described by the famous equation:

E = m c2
Thus, this mass–energy relation states that the universal proportionality factor between equivalent amounts of energy andmass is equal to the speed of light squared.
This also serves to convert units of mass to units of energy, no matter what system of measurement units is used.” အဆိုပြု ချက်သည်..
 ဤအခြေခံနိယာမ သုံးမျိုး ကိုဖော်ထုတ်ခဲ့သော ၁၈ရာစုနှောင်းပိုင်းနှင့် ၁၉ရာစုသိပ္ပံပညာရှင်တို့၏ မှားယွင်းချက်ကိုထောက်ပြနေပေသည်။

 အိန်းစတိန်းက ဒြပ်ထုနှင့်စွမ်းအင်တို့သည်မတည်မြဲ။ဒြပ်ထုမှစွမ်းအင်သို့ပြောင်းနိုင်သလို စွမ်းအင်မှဒြပ်ထုသို့လည်းပြောင်းနိုင်သည်ကို Nuclear Reaction ဖြင့်လက်တွေ့ပြနိုင်ခဲ့၏။

Albert Einstein ၏ တွေ့ရှိချက် အဆိုပြုချက်များသည် ဗုဒ္ဓ၏ အဘိဓမ္မာ နှင့်အလွန်နီးစပ်လာသည်ကိုတွေ့ရမည်ဖြစ်သည်။

===================================================

  သင်၊အံ၊လေ့လာ၊ကျင့်ကြံ အားထုတ်မှုများမှ ရလာသောအသိများကို ဘုရားဒေသနာနှင့်ညှိ၍ ပရမတ္ထသစ္စာ
နယ်ကို လှမ်းမျှော်ကြည့်ပါရစေ။

ကြိုတင်ဝန်ခံလိုသည်မှာ ..ကျနော်သည် ယခင်က လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းများ နှင့် လယ်တီဆရာတော်ကြီး၏တပည့်များရေးသားသော ဘာသာရေးစာအုပ်များမှလွဲ၍ မည်သည့်ဘာသာရေးစာအုပ်၊ဆောင်းပါးများကိုမျှမဖတ်ပါ။
တရားဟောပွဲများတွင်လည်း သွားရောက်နာယူလေ့မရှိပါ။

အဘယ့်ကြောင့်ဆိုသော်
“စာသကြား မချို ပါ။ စာဆားလည်းမငံပါ ” ကိုယ်တိုင်စားကြည့်မှာ သကြားဆိုတာ ချိုကြောင်း ၊ ဆားဆိုတာငံကြောင်း သိရမည်။
ထိုနည်းတူ မြတ်စွာဘုရား၏သာသနာ(အဆုံးအမ) ဆိုတာကလည်း ကျက်မှတ် လေ့လာနေရုံဖြင့် မလုံလောက် ကျင့်ကြံအားထုတ်မှသာ ပညာအသိကိုရမည်ဆိုသည့်အကြောင်း
လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ကျွန်ုပ်တို့၏ဆရာကြီး “ဦးဘမြင့်” က ဆုံးမခဲ့ဘူး၏။
ဖတ်ဖို့ စာအုပ်ကို လည်း လယ်တီဒီပနီကျမ်းများ ကိုသာရည်ညွှန်းခဲ့သည်ကတစ်ကြောင်း၊

စားဝတ်နေရေးအတွက်လုံးပန်းနေရသည်ကတစ်ကြောင်း၊

ဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းများကိုပင်လျှင် နှံ့စပ်အောင် မလေ့လာ မကျင့်ဆောင်နိုင်သေးသည်ကတစ်ကြောင်း တို့ကြောင့်ဖြစ်ပါသည်။

ယခုအခါ ပါချုပ်ဆရာတော် နန္ဒာမာလာဘိဝံသ ၏ တရားတော်များကိုနာလျက် ဆရာတော်ရေးသားပြုစုသော စာအုပ်များကိုပါဖတ်ဖြစ်ပါသည်။
လယ်တီဆရာတော်ဘုရားကြီး၏မူနှင့်လည်းထပ်တူကျသောကြောင့်ဖြစ်ပါသည်။
===========================================
ငယ်စဉ်က ကျောင်းတွင်သင်အံခဲ့သော ဓာတုဗေဒ ၊
ဆရာကြီးဦးဘမြင့် ကိုယ်တိုင် နည်းပြပေးခဲ့သော သမထ မှ ၀ိပဿ     နာတရား ၊
ဆရာကြိးဦးသန်း၏ သမထမှ ၀ိပဿနာသို့ တက်နည်း။တို့ဖြင့် ကိုယ်တိုင်ကျင့်ဆောင်မှုတို့မှရလာသော အသိတရားများကိုလယ်တီဆရာတော်ဘုရား၏ဒီပနီကျမ်းများ ၊ ပါချုပ်ဆရာတော်ဟောကြားအပ်သောအဘိဓမ္မာတရားတော်တို့နှင့် ညှိလျှက်
သမ္မုတိနယ်ထဲက လူသားတစ်ယောက်“ကျနော်လွင့်မောင်မောင်”က
အလွန်ကျယ်ပြော ခက်ခဲနက်နဲသော ပရမတ္ထသစ္စာနယ်သို့ လှမ်းမျှော်ကြည့် ပါရစေ။
===============================================
သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၁)
---------------------------------------------------
ကျနော့ကိုယ်တွေ့ဘ၀မှသိရှိရသည်များကို တင်ပြခြင်းဖြစ်တာကြောင့် အယူအဆမှားခဲ့သော်...
ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ ၊ ဆရာကြီးများနှင့် မသက်ဆိုင်ပါ။ ကျနော်မှားတာသာဖြစ်ပါသည်။
အမှန်ကိုပြင်နိုင်ရန် ထောက်ပြပေးကြပါဟုရိုသေစွာ တောင်းခံပါသည်။
**************************************************
တရားရှာကိုယ်မှာတွေ့ ဆိုသလိုပါဘဲ့ ..ဟိုး..ငယ်ငယ် အရွယ်မပီသေးခင်ကကျနော့ကို
အဖေက “မင်း” လို့ ခေါ်ပါတယ်။
ကျန်တဲ့ မိသားစုဝင်တွေနဲ့ ရပ်ကွက်အတွင်းသူငယ်ချင်းများက “အေးမင်း” ၊
ညီ၊ညီမတွေက “ကိုမင်း”လို့ အမည်သညာပြုခေါ်ကြလေရဲ့။
ဒီလူတစ်ယောက်တည်းကို ကာလတစ်ခုအတွင်း အမည်သုံးခု ပညတ်ပြု လို့ခေါ်ဝေါ်ခဲ့ကြလေသည်။

အရွယ်ရလာတော့တက္ကသိုလ်ကျောင်းရောက်တဲ့အခါ ၊ အဖေနဲ့ မိသားစုဝင်တွေ ၊ထားဝယ်က သူငယ်ချင်းတွေက အရင်တိုင်း
ခေါ်နေကြအတိုင်းခေါ်ကြပေမဲ့ တခြားမြို့ကမိတ်ဆွေတွေက“ ကိုအေးမင်း” ၊ တချို့က “ကိုမင်း”၊
တချို့က ကလောင်အမည်“လွင့်မောင်မောင်” လို့ခေါ်ကြပြန်ရော။

ဘွဲ့ရလို့ စာသင်တဲ့ဆရာတစ်ယောက်ဖြစ်ပြန်တော့ “ဦးအေးမင်း”၊“ဆရာ” “ဖေမင်း” “ဖေကြီး” စတဲ့အမည်တွေနဲ့ အမှတ်သညာပြုကြ။

 အခုအခါသားနှစ်ယောက်က“ဖေဖေ”၊ တူတူမတွေက ဦးဦး၊လေးလေး၊မြေးအရွယ်တွေက “ဘဘ” ၊အွန်လိုင်းပေါ်မှာ ခင်မင်ရတဲ့သူတွေက
“ဆရာလွင့်” ၊“လေးလေးဆရာ”စတဲ့စတဲ့ အမည်များ.....
အခုဆိုရင်ကျနော်တစ်ယောက်တည်းမှာကို နာမည်ပေါင်းများစွာရှိနေလေတော့..။
ဘယ်မှာလည်း “အေးမင်း” ၊ဘယ်မှာလည်း“ဆရာလွင့်” ။

 ကာလ၊ဒေသ၊ပုံသဏ္ဍန်၊အခြေအနေ ပြောင်းလဲရုံနဲ့ ဒီလူတစ်ယောက်တည်းကို ပညတ်အမျိုးမျိုးပြောင်းလဲနေသလို
အခြားခြားသော သက်ရှိ၊သက်မဲ့ ၊ဒြပ်ရှိ၊ဒြပ်မဲ့အရာအားလုံးဟာ လည်း ကာလ၊ဒေသ၊ပုံသဏ္ဍန်၊အခြေအနေပြောင်းလျှင် ပညတ်များပြောင်းလဲနေမည်သာ။
သို့သော် ဒေသတစ်ခု ကာလတစ်ခုမှာ  လူအများလက်ခံနေတာကြောင့် အမှန်တရား သမ္မုတိသစ္စာဖြစ်ပါတယ်။

လောကတစ်ခုလုံးရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ဆုတ်ယုတ်မှုဖြစ်စဉ်အားလုံးကို သမ္မုတိသစ္စာနဲ့ ထိန်းကျောင်းပေးထားပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင် သမ္မုတိသစ္စာကို အခြေခံ၍ သုတ္တန်တရားများဟောကြားခဲ့လေ၏။

 သာဓကအနေနဲ့ကြည့်မယ်ဆိုရင်
 မင်္ဂလသုတ္တန်မှာ “လူမိုက်တွေကိုမပေါင်းနဲ့ရှောင်ကြဉ်ပါ ။ ပညာရှိသူတော်ကောင်းများကိုပေါင်းသင်းပါ” လို့ဟောတော်မူပါတယ်။
“လူမိုက်” နဲ့ “ပညာရှိ” ကို သမ္မုတိသစ္စာနဲ့ ခွဲခြားလိုက်တာ။

အနှစ်ချုပ်လိုက်တော့ သဘာဝအားဖြင့်  ဟုတ်သည်ဖြစ်စေ ၊မဟုတ်သည်ဖြစ်စေ လူအများလက်ခံအမှတ်အသားပြုထားသည့် ပညတ်မှန်သမျှ သမ္မုတိသစ္စာ။
=============================================
  ပရမတ္ထသစ္စာ 
========
ပရမ = အမြင့်ဆုံး ၊ အတ္ထ = သိရမည့်အနှစ်သာရ
ပရမတ္ထ = အမြင့်ဆုံးသိရမည့်အနှစ်သာရ (မပြောင်း မလွဲသော အနှစ်သဘောသဘာဝ)

ဘယ်မှာလည်း “အေးမင်း” ၊ဘယ်မှာလည်း“ဆရာလွင့်” ခွဲခြမ်းစိပ်ဖြာလိုက်တော့
အေးမင်း >>ယောက်ျား>> လူ>> ဦးခေါင်း၊ခြေ၊လက်၊မျက်စိ...စတဲ့ ၃၂ကောဌာသ ..>> ရုပ် + နာမ်
နောက်ဆုံး  ရုပ် ၊ နာမ် နှစ်ပါးတွင် အဆုံးသတ်လေ၏။(အကြမ်းခွဲခြမ်းစိတ်ဖြာခြင်းမျှသာ)
မိမိကိုယ်မှ အပြင်ဘက် သက်ရှိအားလုံးကိုခွဲခြမ်းစိတ်ဖြာလျှင်လည်း  ရုပ် ၊ နာမ် နှစ်ပါးတွင် အဆုံးသတ်လေ၏။
သက်မဲ့အရာများကို ခွဲခြမ်းလျှင်လည်း မူလပညတ်များပျောက်၍ ရုပ်ဓာတ် တစ်ခုတည်းသာကျန်တော့၏။

ပရမတ္ထသစ္စာဖြင့်စကြာဝဠာတစ်ခုလုံးကို ဖြန့်ကျက်လိုက်တဲ့ အခါ ရုပ် နှင့် နာမ် မှ လွဲ၍ ဘာမျှမရှိတော့ ။

အနှစ်ချုပ်လိုက်လျှင် သဘာဝတရားအရ မှန်ကန်နေခြင်း အနှစ်သာရ သည်  ပရမတ္ထသစ္စာ  ။

=======================================
ဤနေရာတွင် ကျနော် စိုးရိမ်ပူပန်မှု တစ်ခုဖြစ်ပေါ်မိပါသည်။
အဲဒါက သမ္မုတိသစ္စာ နယ်ထဲက လူတစ်ယောက် သင့်တင့်လျောက်ပတ်သော ကျင့်ကြံအားထုတ်မှုမရှိဘဲ ..
သင့်တင့်လျောက်ပတ်သော သမာဓိမထူထောင်ဘဲ အရာခပ်သိမ်းကို  သညာအသိဖြင့် ပရမတ္တသစ္စာအထိ ဘုမသိဘမသိ တွေးတောလျက်လိုက်လံခွဲခြမ်းစိတ်ဖြာနေမှာကိုပါဘဲ။

ဒီအခါ ဘုရား ၊သံဃာ၊မိဘ ၊ဆရာ၊ ဦးကြီး၊ဦးလေး၊အဒေါ်။အကို၊အမ၊ညီ၊ညီမ ၊သူငယ်ချင်းမိတ်ဆွေ.စသည်တို့ နှင့် တိရစ္ဆာန်များ..စသည်တို့အားလုံး
 ရုပ် ၊ နာမ် နှစ်ပါးဘဲ့ ရှိတာအားလုံးအတူတူဆိုသလိုမျိုးတွေ။

နောက် စေတီ၊ ဘုရားဆင်းတုတော် ၊အုတ်၊ကျောက်၊သစ်၊ကား ......စတာတွေက
ရုပ်ချည်းသက်သက် အတူတူဆိုသလို မျိုး
သမ္မုတိသစ္စာကို လုံးဝပစ်ပယ်ပြီးအစွန်းရောက်သွားမှာအလွန်ကို စိုးရိမ်မိပါသည်။
ဘုရားသော်မှ လောကလူများနှင့်ဆက်ဆံသည့်အခါ သမ္မုတိသစ္စာကို မပယ်ခဲ့ကြောင်း အထူးသတိပြုစေချင်ပါသည်။
သို့အတွက် အနိမ့်ဆုံးအဆင့်   ထိ၊သိ ကို ကွဲပြားအောင်(သို့မဟုတ်) ရုပ်၊နာမ် ကွဲအောင်အထိ သမာဓိထူထောင်ပြီးမှသာ ပရမတ္ထသစ္စာကို လှမ်းမျှော်ကြည့်သင့်ပါကြောင်း
ချစ်သောဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား။

              “ ဗုဒ္ဓမြတ်စွာ သာသနာ ကိုယ်စီရင်ထဲ တည်ကြပါစေ။ လင်းကြပါစေ။”
                                                                 မေတ္တာဖြင့်
                                                      လွင့်မောင်မောင်(ထားဝယ်)
================================================

Comments