သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၂)


တကယ့်အမှန်တရားမဟုတ်သော သမ္မုတိ ကို အဘယ်ကြောင့် သစ္စာဟုဘုရားဟောလေသနည်း။
အဘယ်ကြောင့် အမှန်တရား(သစ္စာ)ဟု ဆိုထိုက်သနည်း။မေးခွန်းထုတ်စရာဖြစ်လာ၏။

                      လယ်တီဆရာတော်ဘုရားကြီးက ဤသို့ရှင်းပြ၏။

                                      သမ္မုတိ နှင့် သစ္စာ ကို ခွဲသိပါ                                         

ပထ၀ီဓာတ်၊အာပေါဓာတ်၊၊၀ါယောဓာတ်၊တေဇောဓာတ် စသည်တို့ကို
အမှီပြု၍သတ္တ၀ါတို့၏စိတ်တွင် ထင်မြင်အပ်သောအခြင်းအရာမျှသာဖြစ်သော
သတ္တ၊ပုဂ္ဂလ၊အတ္တဇီဝ စသည်တို့ကိုဧကန်အမှန်ရှိ၏ဟု အခိုင်အမြဲစွဲလမ်းကြပြီး
အမည်နာမ အသီးသီးသတ်မှတ်၍ လောကလူများအစဉ်အဆက်
ခေါ်ဝေါ်သမုတ်၍နေကြသောကြောင့် သမ္မုတိ ဟုခေါ်လေ၏။

                                မဖြစ်မုသား သစ္စာတရား                             

ထိုသို့ ခေါ်ဝေါ်ကြရာ၌ လောကီဘုံသားတို့ အများညီညာခေါ်ဝေါ်ရိုးရှိကြသည့်အတိုင်း ငါ၊သူတပါး၊ယောက်ျား၊မိန်းမ၊ရှင်ဘုရင်၊မိဖုရား
မှူးမတ်၊အဖေ၊အမေ..စသည့်သတ္တ၀ါများအမှန်ရှိ၏။အတ္တဇ၀သည်အမှန်ရှိ၏
 ဟူ၍ လူတို့အလယ်ပြောဆိုသော်လည်း တစ်စုံတစ်ယောက်သောသူကိုမျှလှည့်စားခြင်းမဖြစ်၊မုသာဝါဒမဖြစ်၊
    မုသာဝါဒမဖြစ်သောကြာင့် သစ္စာ ဟူ၍ ဆိုရလေ၏။
*****************************************************
   ပရမတ္ထ နယ်ထဲသို့ ကျနော်တို့ အဘယ်ကြောင့် အရောက်လှမ်းသင့်သနည်း    

မိမိခန္ဓာ( ငါ ) ၊ သူတပါး (အဖေ၊အမေ၊သား၊သမီး၊အကို၊အမ၊မိတ်ဆွေ.....)စသည်ဖြင့်  စွဲမြဲမှတ်ယူနေတဲ့အခါ..သံယောဇဉ်နှောင်ဖွဲ့ကမလွတ်နိုင်ပြီ။
အဖေ၊အမေတို့အပေါ်စွဲလန်းတဲ့စိတ်၊ သားသမီး တို့အပေါ်စွဲလန်းတဲ့စိတ်၊
မိတ်ဆွေများအပေါ်စွဲလန်းစိတ် တွယ်တာမှု တွေက
သံသရာကိုချဲ့ပြန်ပေဦးတော့မည်။
ထိုနည်းတူစွာ ပစ္စည်းဥစ္စာများ၊အခုခေတ်မှာဆို များပြားလှစွာသော ခေတ်ပေါ်ပစ္စည်းအမျိုးမျိုးကို လိုချင်တပ်မက်တဲ့ တဏှာ၊လောဘတွေကအတောမသတ်အောင်ဖြစ်ကြရလေတော့ ..
ဟိုးရှေးကလူများထက်အခုခေတ်လူများက နိဗ္ဗာန် နဲ့ ပိုဝေးနေသလားလို့....။

ပရမတ္ထသစ္စာကိုသိမှ သံသရာကလွတ်နိုင်မှမို့ .... ကျနော်တို့ဟာ ရှေးကလူများထက်ပိုလို့ ကျင့်ကြံအားထုတ်မှု များ ပြုလုပ် ကြိုးစားကြရမည်သာ။
သို့မှသာ ရခဲလှစွာသော ဒီဘ၀မှာ လူဖြစ်ရကျိုးနပ်မည်မဟုတ်ပါလား... ဓမ္မမိတ်ဆွေ။
=================================
                               ပရမတ္ထ  သစ္စာ (၂) ပါး                          

(၁)ရုပ်တရား  (၂) နာမ်တရား

                            ပရမတ္ထ တရား (၄)ပါး                        

(၁) စိတ် ၊ (၂) စေတသိတ် ၊  (၃) ရုပ် ၊  (၄)  နိဗ္ဗာန်  ဆိုတဲ့ ပရမတ်အမှန်တရား ၄ ပါးရှိ၏။

(၁)  စိတ်  =  အာရုံရှိရာကို ညွတ်ကိုင်းသွားတဲ့သဘော ၊
                အာရုံကိုသိတတ်တဲ့သဘော ကို နာမ်တရား(စိတ်) လို့ခေါ်

စိတ် = ၈၉ မျိုး(စိတ် တစ်ခုယုတ် ၉၀ ) ဟုမှတ်သားရဖူး၏ ။(စိတ်တစ်ခု ၊ ရုပ်၉၀ မဟုတ်ပါ)
         ဈာန်စိတ်တွေနဲ့ ပွားလိုက်တဲ့အခါ စိတ်အကျယ် ၁၂၁ မျိုး။

ဗဟုသုတအဖြင့်သာ မှတ်သားရန်လိုပါသည်။ ဘုရားရှင်၏အံ့ဘနမ်း ကြီးမြတ်သောဥာဏ်ပညာကိုပူဇော်ချင်စိတ် ပေါ်လာအောင်သာ
လေ့လာမှတ်သားရန်လိုပါသည်။တချို့က ကျင့်ကြံအားထုတ်ရင်း သမာဓိရလာတဲ့အခါ
 ဤစိတ်၁၂၁ မျိုးလုံးကိုလိုက်လံစိတ်ဖြာဖို့ကြိုးစားလေ၏။ 
တချို့ အရာများသည် ဘုရားရှင်၏အရာသာဖြစ်သလို ၊အချို့အရာများသည် ဘုရာ၊းရဟန္တာတို့၏ အရာသာဖြစ်သည်ကိုကြပ်ကြပ်သတိပြုဖို့လို၏။
ကျနော်တို့လို လူတွေအတွက် ပဋိဘာဂ နိမိတ်အထိ သမာဓိကို မထူထောင်ဘဲ ဘယ်မှာ ဈာန်စိတ်ဆိုတာသိနိုင်မည်နည်း။
၉တန်း၊၁၀တန်းကျောင်းသားကလေးက တက္ကသိုလ်ကျောင်းက စာကိုဖတ်သည်သို့သာရှိချေမည်။
သို့အတွက် ဘုရားရှင်လက်ထက်တော်ကပင် အဘိဓမ္မာနည်းဖြင့်တရားပေါက်မြောက်ရဟန္တာဖြစ်သူလွန်စွာနည်းပါး၍
သုတ္တန်နည်းဖြင့် သာ ရဟန္တာအဖြစ်သို့ရောက်ရှိသူများပြားကြောင်း သင်အံခဲ့ရဖူး၏။

               ( ၂ ) ရုပ် တရား  

ရုပ် တရား =  ပြောင်းလွဲတတ်သောသဘော၊ အာရုံကိုမသိတတ်သောသဘော

 ရုပ်တရား (၂၈ )ပါး ( ဇာတရုပ် (၁၈)ပါး + အဇာတရုပ်(၁၀)ပါး )
                          =========
-  ဇာတရုပ် (၁၈)ပါး -

မဟာဘုတ်ကြီး  ( ၄ )ပါး = ပထ၀ီဓာတ် ၊ အာပေါဓာတ် ၊ တေဇောဓာတ် ၊ ၀ါယောဓာတ်။

ဝတ္ထုရုပ် ( ၆ )ပါး  = စက္ခုဝတ္ထု ၊ သောတ၀တ္ထု ၊ ဃာန၀တ္ထု ၊ ဇ၀ှာဝတ္ထု ၊ကာယ၀တ္ထု ၊ ဟဒယ၀တ္ထု ။

ဘာဝရုပ် (၂ ) ပါး  =ဣိတိဘာဝရုပ် ၊ ပုမ္ဘာ၀ရုပ် ။

ဇီဝိတရုပ် ( ၁ ) ပါး  = အသက်

အဟာရရုပ်( ၁ ) ပါး


ဂေါစရရုပ် (၄ )ပါး = ရူပါရုံ ၊ သဒ္ဒါရုံ ၊ ဂန္ဓာရုံ ၊ ရသာရုံ၊...

ဟူ၍ ဇာတိတရား အထင်အရှားရှိသော ဇာတရုပ် (၁၈ )ပါး ရှိ၏။

- အဇာတရုပ်(၁၀)ပါး -

ပရိစ္ဆေဒရုပ် -(၁ )ပါး = အာကာသဓာတ်  ။

ဝိညတ်ရုပ် ( ၂ )ပါး = ကာယ၀ိညတ်ရုပ် ၊ ၀စီဝိညတ်ရုပ် ။

ဝိကာရရုပ် ( ၃ )ပါး = လဟုတာ(ပေါ့ပါးမှု) ၊ မုဒုတာ(နူးညံ့မှု) ၊ ကမ္မညတာ ( ကိုယ်အမှု ၊ နှုတ်အမှု )။

လက္ခဏာရုပ် ( ၄ )ပါး = ဥပစယရုပ် ၊ သန္တိရုပ် ၊ ဇရတာ ၊ အနိစ္စတာ ၊...ဟူ၍ ရုပ်တို့သည် ဖြစ်ပေါ်မှုဟူသောဇာတိတရားထင်းရှားမရှိသော အဇာတရုပ် (၁၀ ) ပါး ရှိ၏ ။
 (လယ်တီဆရာတော်ဘုရားကြီး ၏ ၀ိပဿ      နာဒီပနီမှ )
         ************************************************
အနတ္တဒီပနီကျမ်းတွင် ဆရာတော်ဘုရားက ဤသို့ လမ်းညွှန်ပြ၏။
ပရမတ္ထသစ္စာဖက်၌ အဘယ်မျှလောက်သောတရားကို ကောင်းစွာမြင်သည်ရှိသော် အတ္တဒိဌိ ၏ အနုသယကိစ္စလေးချက် တို့ကို
အစဉ်အတိုင်းပယ်သတ်နိုင်ပါသနည်းဟူမူကား...။
“-ရုပ်တရားဖက်၌ - ပထ၀ီဓာတ်၊အာပေါဓာတ်၊တေဇောဓာတ်၊၀ါယောဓာတ်၊အာကာသဓာတ်
ဟူ၍ ဓာတ်( ၅ )ပါး နှင့်
ထိုရုပ်တရားတို့ကို ဖြစ်ပွားစေတတ်သော ကံ ၊ စိတ် ၊ ဥတု ၊ အဟာရ ဟူသောအကြောင်းတရား ( ၄ ) ပါး ။

- နာမ်တရားဖက်၌ - ၀ိညာဏ် ၊ ဝေဒနာ ၊ သညာ ၊ စေတနာ...ဟူ၍ ( ၄ ) ပါး။

-ရုပ် ၊နာမ်တရားတို့၌ရှိသော - ဇာတိ ၊ ဇရာ ၊ မရဏ .. ဟူ၍ (၃)ပါး
  စသော(၁၆)ပါးသော တရားတို့ကိုကောင်းစွာမြင်သည်ရှိသော် အတ္တဒိဌိ ၏ အနုသယကိစ္စလေးချက် တို့ကို အစဉ်အတိုင်းပယ်သတ်နိုင်၏ ” ဟု ဆုံးမခဲ့ပါ၏။

 အနုသယကိစ္စလေးချက် ဆိုသည်မှာ အကြမ်း ၊အလတ်၊အနု ၊အနုထက်အနု ဟူသော ၄ မျိုးကိုဆိုလိုသည်။

သို့ အတွက် ဓမ္မမိတ်ဆွေများ အတ္တဒိဌိ ကို အကြမ်းမျှလောက်ပယ်သတ်နိုင်ရန်လို့ငှာ လယ်တီဆရာတော်၏လမ်းညွှန်ချက်အတိုင်း
ရုပ်တရား တွင်အရေးကြီးဆုံးသော ပထ၀ီဓာတ်၊အာပေါဓာတ်၊တေဇောဓာတ်၊၀ါယောဓာတ်၊
အာကာသဓာတ် စသော ဓာတ်( ၅ )ပါး
သည် အရာဝတ္ထုအတွင်းမည်သို့တည်နေ ပြောင်းနေသည်ကို သိပ္ပံပညာမှတွေ့ရှိချက်များအား အဘိဓမ္မာဖြင့် နှီးနှောချိန်စက်ပြပါမည်။
==============================================
ပထ၀ီဓာတ် = ခက်မာမှု ၊ အမာခံမှု ၊ နူးညံ့မှု ၊ပျော့ပြောင်းမှု (ဝေါဟာရအခေါ် “မြေဓာတ်”)

ထို့ကြောင့် ခက်မာသောပထ၀ီဓာတ်၊ နူးညံ့သောပထ၀ီဓာတ်ဟူ၍ နှစ်မျိုးရှိ၏။
ဤတွင် ခက်မာသောပထ၀ီဓာတ်တွင် ခက်မာသည်ထက် ခက်မာမှုအဆင့်ဆင့်ရှိ၏။
နူးညံ့သောပထ၀ီဓာတ်သည်လည်း နူးညံ့သည်ထက် နူးညံ့မှုအဆင့်ဆင့်ရှိ၏။

ခပ်သိမ်းသောရုပ်ကလပ်တို့သည် ထိုပထ၀ီဓာတ် အမာခံမှု ကိုစွဲမှီ၍ ဖြစ်ကြရကုန်၏။

(၁)အလွန် ခက်မာသော ၊ကမ္ဘာမြေ ၊ကျောက်တုံး ၊သံတုံး ၊ကြေးတုံးစသော အစိုင်အခဲ ပစ္စည်းများ..
(၂)ခက်မာမှုအဆင့်နည်းသော(ပျော့ပြောင်းသော) ဖယောင်း၊ ရာဘာ၊ ပလပ်စတစ် ၊သစ်၊ ကတ္တရာ၊သတ္တ၀ါတို့၏ခန္ဓာကိုယ်၊
   ဂျယ်လီ ၊စသော အစိုင်အခဲ ပစ္စည်းများ။
(၃) နူးညံ့သောပထ၀ီဓာတ် ရှိသော ရေ ၊ နွားနို့ ၊ ကြက်ပေါင်စေးအရည်၊အက်ဆစ်ရည် ၊ပြဒါး စသော အရည်ပစ္စည်းများ နှင့် လေ၊အောက်ဆီဂျင်၊
     ဟိုက်ဒြိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စသော အငွေ့ပစ္စည်းများ
(၄)အလွန်နူးညံ့သောပထ၀ီဓာတ်ရှိသော အနုမြူ(Atom )အမှုန်များ နှင့် နေရောင် ၊လရောင်၊ X-ray ၊ Cathode ray စသော ရောင်ခြည်များ
(၅) အလွန့်အလွန်နူးညံ့သော အီလက်ထရွန်(Electron)၊ ပရိုတွန်(Proton) နှင့် နယူထရွန်(Neutron) စသော အမှုန်များ စသော
  ခပ်သိမ်းသောရုပ်ကလပ်တို့ တွင် ဒြပ်ထု(Mass)ရှိ၏ ။ထို ဒြပ်သားသည်ပင်လျှင် အမာခံမှု ပထ၀ီဓာတ်ကိုစွဲမှီ၍ ဖြစ်ကြရလေသည်။

အမှတ်စဉ် (၁)(၂)(၃) တွင်ဖော်ပြထားသော အစိုင်အခဲ၊အရည် နှင့် အငွေ့ စသောအရာဝတ္ထုတို့ ကို အဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာ ဓာတ်ခွဲလိုက်လျှင်
မော်လီကျူးး>>အက်တမ်>>အီလက်ထရွန်၊ ပရိုတွန် နှင့် နယူထရွန်ဟူ၍ နောက်ဆုံးအခြေခံမှုန်
(၃)မျိုးသာ ကျန်ရှိသည်ကို ၁၀တန်းကျောင်းသားများပင်သိနိုင်ပြီဖြစ်၏။

ရာသာဖို့ နှင့် Niels Bohr ၏တွေ့ရှိချက်အရ နယူကလိယပ်ကို အီလက်ထရွန်များက မရပ်မနားလှည့်ပတ်သွားလာနေကြောင်း သိရှိရပြီဖြစ်သည်။

နေရောင် ၊လရောင် စသော အလင်းတန်းတွင် ဟူသော corpuscles ဟုခေါ်သော
 အမှုန်များဖြင့် ဖွဲ့စည်း ထားကြောင်းကို ၁၇ ရာစုအလယ်လောက်ကတည်းက
နယူတန် (Sir Isaac Newton)က တွေ့ရှိခဲ့ပြိးဖြစ်၏ ။

ဂျာမန်ရူပဗေဒပညာရှင် ပလန့် (Max Planck) က
 မြင်နိုင်သောအလင်းတန်းများနှင့် အခြား လျှပ်စစ်သံလိုက်လှိုင်းအားလုံးတွင်
အီလက်ထရွန်ထက်သေးငယ်သောအမှုန်
 ဖိုတွန် (Photon)များပါဝင်နေကြောင်း 1918 မတိုင်မီနှစ်များတွင်တွေ့ရှိခဲ့သည်။

Beta ray နှင့် Cathode ray တို့ တွင် အီလက်ထရွန်အမှုန်များပါဝင်ဖွဲ့စည်းထားသည်။
Alpha ray တွင် ပရိုတွန်အမှုန်များပါဝင်ဖွဲ့ စည်းနေသည်ကို ယနေ့သိပ္ပံပညာ ကိုလေ့လာလိုက်စားနေသူတို့သိရှိရပြီဖြစ်သည်။

ယခုအခါ ရေဒီယိုသတ္တိကြွခြင်းဖြစ်ရပ်များ( radioactive decay) နယူကလီးယားဓာတ်ပြုခြင်းများ
( nuclear reactions) မှနယူထရီနို(Neutrino) ဆိုသောအမှုန်များ။
နေမှထုတ်လွှတ်နေသော ကော့စမစ်ရောင်ခြည်များအတွင်း “မျူ  ယွန်”(Muon)ဆိုသောအမှုန်များကို
 တွေ့ရှိနေကြပြီဖြစ်သည်။
                                      Standard Model of Elementary Particle
ထို့အပြင် အက်တမ်၏အခြေခံအမှုန်များဖြစ်သော ပရိုတွန်နှင့် နယူထရွန်များ ကိုပင်လျှင် ထပ်မံစိတ်ပိုင်း၍ ၎င်းတို့ကို ကွ( quark )ခေါ်အမှုန် သုံးခု နှင့်ဖွဲ့စည်းတည်ဆောက်ထားသည်ကိုတွေ့ရှိနေကြပြီဖြစ်သည်။
အီလက်ထရွန်တို့၏ မတည်မြဲမှုများ ၊ ပရိုတွန် ၊နယူထရွန်တို့ ၏ မတည်မြဲမှု သက်တမ်းများကိုလည်း တွက်ချက်နိုင်ပြီဖြစ်သည်။၊
ပရိုတွန် ၊နယူထရွန်တို့ ပျက်စီး၍ Neutrino တို့ပေါ်ထွက်လာသည်ကိုလည်းရှင်းလင်းမြင်သာစွာ
တွေ့ရှိနေပြီဖြစ်သည်။
Structures of Proton and Neutron


            အနှစ်ချုပ် ရမည်ဆိုသော် ခက်မာမှုအကြီးဆုံးဖြစ်ကြသော သောနေများ၊ ဂြိုဟ်များ ၊ကြယ်များ မှသည်
နူးညံ့ဆုံးသော အလင်းတန်းရောင်ခြည်၊ ပရိုတွန်၊နယူထရွန်၊အီလက်ထရွန်၊မျူယွန်၊နယူထရီယွန် များအထိ
အမာခံမှု ပထ၀ီဓာတ်ရှိသည် ကို ဟု သိအပ်ပါကြောင်း။
မိမိခန္ဓာ၏ ပထ၀ီဓာတ်ကို သင့်တင့်လျှောက်ပတ်သောသမာဓိမှတဆင့် လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်ပါစေ။

 ပြင်ပ ဒြပ်ဝတ္ထုများ၊နေရောင်၊မမြင်ရသည့်ရောင်ခြည်တန်းများသည်လည်း
သာမာန်မျက်စိဖြင့်ကြည့်လျှင်ငြိမ်သက်တည်ငြိမ်နေသည်ဟုမြင်ရသော်လည်း
 ၎င်းဒြပ်ဝတ္ထုနှင့်ရောင်ခြည်တို့၏အခြေခံအမှုန်များသည် မတည်ငြိမ်အမြဲလှုပ်ရှား ပျက်စီး၊ဖြစ်ပေါ်လျက်ရှိသည်ကို သညာအသိဖြင့်ဆင်ခြင်၍
အတ္တဒိဌိ ကို အကြမ်းမျှလောက်ပယ်သတ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း..........။

                       ဗုဒ္ဓမြတ်စွာသာသနာကိုယ်စီရင်ထဲ တည်ကြ၊လင်းကြစေ။               

                       မေတ္တာဖြင့် - လွင့်မောင်မောင် ( ထားဝယ် )
                                     18 - 8 - 2014
ဆက်စပ်ဖတ်ရှု ရန် - သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၁)
                  http://ayemindawei.blogspot.com/2014/08/blog-post_17.html

Comments

  1. လေ့လာမှတ်သားရတဲ့အတွက် ကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ

    ReplyDelete

Post a Comment