သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၃)


ပညာအရာ၌ အတူမရှိ၊အတုမရှိ သော ဘုရားရှင်တော်မြတ်၏ ပညာဂုဏ်ကို
တပည့်တော် လက်စုံးမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

အာပေါဓာတ် (ဝေါဟာရအခေါ် “ရေဓာတ်”)
=======================
အာပေါဓာတ် = ဖွဲ့တွယ်မှု ၊စေးကပ်မှု ၊ ဖွဲ့စည်းမှု ၊ယိုစီးမှု ၊ စေးချွဲမှု ၊
                  အရည်ကြဲ ၊အရည်ကြည် ဖြစ်မှု (ဝေါဟာရအခေါ် “ရေဓာတ်”)
 ထိုအာပေါဓာတ်သည်လည်း တင်းကျပ်စွာဖွဲ့တွယ်မှု နှင့် ရော့ရဲ (လျော့သော)
 ဖွဲ့တွယ်မှု ဟူ၍ နှစ်မျိုးရှိ၏။
ဤတွင် တင်းကျပ်စွာဖွဲ့တွယ်မှု တွင် တင်းကျပ်သည်ထက်တင်းကျပ်သော
တင်းကျပ်မှုအဆင့်ဆင့်ရှိသကဲ့သို့ ရော့ရဲသောဖွဲ့တွယ်မှုတွင် ရော့သည်ထက်
ရော့ရဲမှု အဆင့်ဆင့်ရှိလေ၏။
ဤတင်းကျပ်မှု ၊ရော့ရဲမှု အဆင့်ဆင့်ပြောင်းလဲခြင်းသည်
အာပေါဓာတ်၏မတည်မြဲသောအနိစ္စချက်ပင်ဖြစ်သည်။
(လယ်တီဒီပနီကျမ်းများမှ )

သိပ္ပံပညာရှင်တို့၏တွေ့ရှိချက်များတွင်-
- အက်တမ်တစ်ခုအတွင်းရှိ နယူကလိယပ်စ်(Nucleus) ၏ လျှပ်စစ်ဓာတ်ဖိုနှင့်
  လျှပ်စစ်ဓာတ်မရှိ အီလက်ထရွန်(Electron)တို့အကြား ဆွဲငင်အား ကြောင့်
  အက်တမ်တစ်ခုဖွဲ့စည်း ဖြစ်တည်၏။
ထို့ကြောင့် ၎င်းဆွဲငင်အားသည် အာပေါဓာတ်ဖြစ်၏။


- သတ္တုမဟုတ်ဒြပ်စင်များ(Non-metals)၏ အမျိုးတူ အက်တမ်များ (သို့မဟုတ်)
  အမျိုးမတူအက်တမ်များပေါင်းစည်းမိ၍ဖြစ်ပေါ်လာသော
 ဓာတ်ငွေ့အားလုံး၊အရည်အားလုံး ၊
 ဖော့စဖရပ်(မီးစုန်း)၊ဆာလဖာ(ကန့်)တို့သကဲ့သို့သောအစိုင်အခဲများ နှင့်
 အော်ဂဲနစ်ဒြပ်ပေါင်းများ(Organic Compounds) အားလုံးသည် မော်လီကျူး တည်ဆောက်ပုံ
 ရှိသော အရာဝတ္ထုများ(Molecular Substances)ဖြစ်ကြ၏။
၎င်းမော်လီကျူးများ ဖွဲ့စည်းဖြစ်ပေါ်လာရန် အက်တမ်တစ်ခုနှင့်တစ်ခုအကြား
ဖက်စပ်စည်း(Covalent bond) ၊ ဗင်ဒါဝေါစ်ဆွဲအား(Van der Waals force) နှင့်
ဟိုက်ဒြိုဂျင်စည်း(Hydrogen bond) များဖြင့် စည်းနှောင်ကြ၏။

ဤအက်တမ်တစ်ခုနှင့်တစ်ခုအကြားရှိ ဖက်စပ်စည်း(Covalent bond)၊
ဗင်ဒါဝေါစ်ဆွဲအား(van der Waals force) နှင့် ဟိုက်ဒြိုဂျင်စည်း(Hydrogen bond)တို့သည် အာပေါဓာတ်ပင်ဖြစ်၏။

- သတ္တုအစိုင်အခဲ တစ်ခုဖြစ်ပေါ်လာရန် သတ္တုအက်တမ်များတစ်ခုနှင့်တစ်ခု သတ္တုစည်း (Metallic bond)
 ဖြင့် စည်းနှောင်ကြ၏။
 ၎င်းသတ္တုစည်း (Metallic bond) သည်လည်း အာပေါဓာတ်ဖြစ်၏။

- သတ္တုဒြပ်စင်(Metal)အက်တမ်နှင့်သတ္တုမဟုတ်ဒြပ်စင်(Non-metal)အက်တမ်တို့ပေါင်းစည်းမိသောအခါ
 မော်လီကျူးတည်ဆောက်ပုံမရှိသောဒြပ်ပေါင်းများ( Non-molecular Substances ) ဖြင့်သည့် လျှပ်စစ်စည်း
ဒြပ်ပေါင်းများ(Electrovalent Compounds) ဖြစ်လာ၏။၎င်းဒြပ်ပေါင်းများတွင် အက်တမ်တစ်ခုနှင့်တစ်ခုကို
လျှပ်စစ်စည်း(Electrovalent bond or Ionic bond) ဖြင့် စည်းနှောင်ထား၏။
၎င်း လျှပ်စစ်စည်း(Electrovalent bond or Ionic bond) သည်“ အာပေါဓာတ်” ပင်ဖြစ်၏။
ထို့ကြောင့်  Ionic Bond , Covalent Bond , Metallic Bond , Hydrogen bond , Van der Waals force.စသည့်
ဓာတ်စည်းများ(Chemical Bonds) အားလုံးသည် “အာပေါဓာတ်”ဖြစ်၏။

အနှစ်ချုပ်လိုက်လျှင် ....
ပရိုတွန်၊နယူထရွန်၊ အက်တမ်တခုမှသည် အစိုင်အခဲ၊အရည်၊အငွေ့၊ အားလုံးတွင်  ဖွဲ့တွယ်မှု ၊
စေးကပ်မှု ၊ ဖွဲ့စည်းမှု ၊ယိုစီးမှု ၊ စေးချွဲမှု ၊သဘောသဘာဝရှိသော“အာပေါဓာတ်”ရှိလေ၏။

တေဇောဓာတ် (ဝေါဟာရအခေါ် မီးဓာတ်)
======================
တေဇောဓာတ် တွင် သီတ နှင့် ဥဏှ ဟူ၍နှစ်ပါးရှိ၏။
သီတ=အေးမှု ။ ဥဏှ = ပူမှု
ထို့ကြောင့် တေဇောဓာတ် သည်ပူမှု ၊ အေးမှု ပင်ဖြစ်၏ ။

အေးမှု သည် အေးသည်ထက် အေးမှုအဆင့်ဆင့်ရှိ၏။
ပှုမှု သည်လည်း ပူသည်ထက်ပူမှုအဆင့်ဆင့်ရှိ၏။

ထိုအေးမှု ၊ပှုမှု အဆင့်ဆင့်ပြောင်းလဲခြင်းသည် တေဇောဓာတ်၏
အနိစ္စချက် ပင်ဖြစ်၏ ။
===========================================
ပကတိမီးနှင့် နေရောင်ခြည် တို့မှ ပူမှု ၊ ၊အမိုးနီးယား ၊ ရေ ၊ ရေခဲ တို့၏ အေးမှု တို့ နှင့်
လူ နှင့် အခြားသတ္တ၀ါတို့၏ခန္ဓာကိုယ်တွင် တေဇောဓာတ်(ပူမှု၊အေးမှု)ရှိသည်ကို
လူတိုင်းခံစားသိနိုင်၏။
သိပ္ပံပညာရပ်က ဤသို့ဆို၏။“အပူသည် အပူချိန်မြင့်ရာမှ အပူချိန်နိမ့်ရာသို့ စီးသွား၏”

မိမိခန္ဓာ၏ တေဇောဓာတ်မတည်မြဲမှု အနိစ္စချက်ကို လေ့လာကြည့်ကြပါစို့။

မိမိခန္ဓာကိုယ်၏ အပူချိန်ကမြင့်၍ ပတ်ဝန်းကျင်အပူချိန်ကနိမ့်လျှင် အေးသည်ဟုခံစားရ၏။
အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်းမှ အပူတို့သည် ပတ်ဝန်းကျင်သို့စီးသွား ကူးပြောင်း
သွားသောကြောင့် ခန္ဓာကိုယ်အတွင်းအပူလျော့သွား၍ အပူချိန်လည်းကျဆင်းသွားကာ အေးသည်ဟု
ခံစားရခြင်းဖြစ်၏။

မိမိခန္ဓာကိုယ်၏ အပူချိန်က နိမ့် ၍ ပတ်ဝန်းကျင်အပူချိန်က မြင့် လျှင် ပူသည်ဟုခံစားရ၏။
အဘယ့်ကြောင့်ဆိုသော် ပတ်ဝန်းကျင်မှအပူတို့သည် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကူးပြောင်း
လာသောကြောင့် ခန္ဓာကိုယ်အတွင်းအပူများလာပြိးအပူချိန်လည်းမြင့်တက်လာကာ ပူသည်ဟု
ခံစားရခြင်းဖြစ်၏။
ကျွန်ုပ်တို့ အလွန်အမင်းဆာလောင်သောအခါ ခန္ဓာကိုယ်တွင် အပူပမာဏလျော့လာ၍ အပူချိန်
ကျဆင်းလာ၏။သို့အတွက် ခြေဖျား၊လက်ဖျား များအေးစက်လာရ၏။ အစားအစာများစားလိုက်
ပြီးသည့်အခါ ပြန်လည်နွေးထွေးလာ၏။
အစာချေဖျက်ခြင်းဖြစ်စဉ် ၊အသက်ရှူခြင်းဖြစ်စဉ် တို့မှ အပူစွမ်းအင်တို့ထွက်ပေါ်၏။

ပြင်ပ တေဇောဓာတ်ကို ရှုကြည့်မည်ဆိုလျှင်
သာမာန်အပူချိန်တွင် ကျောက်ခဲငယ် တစ်ခုကိုကိုင်ကြည့်လျှင် အပူမရှိဟုထင်ရ၏ ။
၎င်းကျောက်ခဲငယ်ကို ရေခဲတုံးပေါ်တင်လိုက်သည့်အခါ ကျောက်ခဲငယ်မှအပူကို
ရေခဲမှစုပ်ယူ၍ ရေခဲအရည်ပျော်လေ၏။ကျောက်ခဲလေး ရေခဲတုံးထဲနစ်ဝင်သွားသည်ကို
မြင်ရပေမည်။ဤအချင်းအရာက ကျောက်ခဲငယ်အတွင်း အောင်းနေသောအပူ“အောင်းပူ”(တေဇောဓာတ်)
ရှိနေသည်ကိုပြ၏။ထိုနည်းတူ အခြားအစိုင်အခဲ၊များတွင်လည်း“အောင်းပူ”(တေဇောဓာတ်)သည်ရှိ၏။

ဆောင်းရာသီနံနက်ခင်း အေးမြသောရေကန်တွင်ရှိရေတွင်ပင် မီးဓာတ် “တေဇောဓာတ်”သည်ရှိ၏။
ရေခဲတုံးတစ်တုံးကို ထိုရေကန်ထဲချလိုက်လျှင် ရေခဲအရည်ပျော်သွားသည်ကို လက်တွေ့မြင်နိုင်၏။
ရေထဲမှအပူကို ရေခဲတုံးမှစုပ်ယူ၍အရည်ပျော်၏။ သို့အတွက် ရေထဲတွင်အောင်းနေသောအပူ“အောင်းပူ”(တေဇောဓာတ်)
ရှိနေသည်ကိုပြ၏။ထိုနည်းတူ အခြားအရည်များတွင်လည်း “အောင်းပူ”(တေဇောဓာတ်)သည်ရှိ၏။

ကျွန်ူပ်တို့သည် ၀င်လေ၊ထွက်လေ ကို နှာသီးဖျားတွင် ဂရုစိုက်၍ စောင့်ကြည့်သောအခါ
ဝင်လေတွင် နိုက်ထရိုဂျင်၊အောက်ဆီဂျင်နှင့်ရေငွေ့များပါဝင်နေသဖြင့် အေးသည်ဟုခံစား
ရ၍ ၊ ထွက်လေတွင်မူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ အများဆုံးပါဝင်လာသဖြင့်
နွေးသည်ဟုခံစားရ၏။ အငွေ့များတွင်လည်း ပူမှု ၊ အေးမှု တေဇောဓာတ် သည်ရှိ၏။

အက်တမ်တစ်ခုတွင်လည်း နယူကလိယပ်ကို မရပ်မနားလှည့်ပတ်နေသော အီလက်ထရွန်
အမှုန်များသည်လည်း အပူစွမ်းအင်ကို စုပ်ယူခြင်း(သို့မဟုတ်)ထုတ်လွှတ်ခြင်းကြောင့်
လမ်းကြောင်းတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လှည့်ပတ်ရ၏။ တချို့အက်တမ်မှခုန်ထွက်သွား၏။
ယူရေနီယမ်သတ္တုမှ ပလူတိုနီယမ်သတ္တုထုတ်ခြင်းများ၊ ပြဒါးမှ ရွှေသတ္တုထုတ်ခြင်းများ၊
သံ၊ကာဗွန် အရောအနှောမှ သံမဏိထုတ်လုပ်လုပ်ခြင်းများ သည်
ဤတေဇောဓာတ်ခေါ်မီးဓာတ်ကိုကျွမ်းကျင်သူတို့၏လုပ်ဆောင်ချက်များပင်ဖြစ်သည်။

သို့အတွက် တေဇောဓာတ်သည် အရာဝတ္ထုတို့၏ ဂုဏ်သတ္တိများကိုပင်ပြောင်းလဲစေနိုင်သော
ဓာတ်တစ်ခုဖြစ်သည့်အတွက် မဟာဘုတ်ဓာတ်လေးပါးတွင်အထူးအရေးပါသော ဂရုစိုက်ရ
ဆုံးသောဓာတ်တစ်ပါးဖြစ်ကြောင်းသိအပ်၏ ။

သတ္တ၀ါတို့၏ကိုယ်ခန္ဓာအတွင်း တေဇောဓာတ်အကုန်ချုပ်လျှင် ထိုသတ္တ၀ါသည်သေဆုံးလေ၏။

ခန္ဓ၀ဂ္ဂသံယုတ် ၊ ဖေဏပိဏ္ဍောမသုတ်၌ ဘုရားရှင်က ဤသို့ဟောတော်မူ၏။
“အာယု ဥသ္မာ စ ၀ိညာဏံ ၊ ယဒါ ကာယံ ၊ ဇဟန္တိ မံ ။
အပ၀ိဒ္ဓေါ တဒါ သေတိ ၊ ပရဘတ္တံ အစေတနံ ။”

အနက်အဓိပ္ပာယ် ။ ။ အာယုစ ၊ဇီဝိတိနြေ္ဒ (အသက်)သည်လည်းကောင်း ၊
ဥသ္မာ စ ၊ပကတိကိုယ်ငွေ့ ဥသ္မာမီး သည်လည်းကောင်း၊
ဝိညာဏံ ၊ စိတ်ဝိညာဉ်သည်လည်းကောင်း၊
ယဒါ ၊အကြင်အခါ၌ ။ ဣမံကာယံ ၊ဤမြေဓာတ်၊ရေဓာတ်
အစုအပေါင်းကြီးကို ၊ ဇဟန္တိ စွန့်ကြလေကုန်၏။
တဒါ ထိုအခါ၌ ၊ အပ၀ိဒ္ဓေါ သင်္ချိုင်းတွင်စွန့်ပစ်အပ်သည်ဖြစ်၍
သေတိ သေ၏ ။ အစေတနံ စေ့ဆော်လှုပ်ရှားခြင်းမရှိပြီ။
ပရဘတ္တံ ၊ကျီး ခွေး လင်းတ ပိုးလောက်စသော အကောင်တို့၏
စားအိုးစားပွဲကြီးသာဖြစ်တော့၏။

“သညာအသိမှ ပညာအသိသို့ လွယ်ကူစွာကူးပြောင်းနိုင်ကြပါစေ။”

“ဗုဒ္ဓမြတ်စွာ သာသနာ ကိုယ်စီရင်ထဲ၊တည်ကြ ၊လင်းကြပါစေ။”

မေတ္တာဖြင့် - လွင့်မောင်မောင် (ထားဝယ်)
                1 - 9 - 2014
ဆက်စပ်ဖတ်ရှု ရန် -
သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၁)  

သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၂)

               အဆင်ပြေမည်ဆိုလျှင် ကြော်ငြာ များကို ကလစ်ပေးခဲ့ပါ ။

Comments