သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း(၄)

                                      
                                         
                                               “ပဉ္စဂုဏံ အဟံဝန္ဒာမိ”

ဝါယောဓာတ်

ဝါယောဓာတ် (ဝေါ်ဟာရအခေါ် “လေဓာတ်” )
=======================
ဝါယောဓာတ် = ထောက်ကန်မှု ၊ ဖောင်းပွမှု ၊ ကြွရွမှု ၊လှုပ်ရှားမှု ၊တွန်းဝှေ့မှု ၊လွင့်ပါးမှု ၊
ထိုဝါယောဓာတ်တွင် တောင့်တင်းစွာထောက်ကန်မှု ၊ရော့ရဲ (လျော့လျဲ) စွာထောက်ကန်မှု
ဟူ၍ နှစ်ပါးရှိ၏။

ဤတွင် တောင့်တင်းစွာထောက်ကန်မှုသည်လည်း တောင့်တင်းသည်ထက်
တောင့်တင်းမှုအဆင့်ဆင့်ရှိ၏။
ရော့ရဲ (လျော့လျဲ) စွာထောက်ကန်မှုတွင်လည်း ရော့ရဲသည်ထက်ရော့ရဲမှု
အဆင့်အဆင့်ရှိလေ၏ ။
ထိုအဆင့်ဆင့်ပြောင်းလဲမှုသည် ၀ါယောဓာတ်၏ အနိစ္စအချက်ပင်ဖြစ်သည်။

ကျန်သော ဖောင်းပွမှု ၊ ကြွရွမှု ၊လှုပ်ရှားမှု ၊တွန်းဝှေ့မှု ၊ လွင့်ပါးမှု ၊ တို့တွင်လည်း
တောင့်တင်းမှုတွင်ပြဆိုသည့်အတိုင်းပင်ဖြစ်ကြသည်။

===========================================
သိသာထင်ရှားသော ကျွန်ုပ်တို့ ကိုယ်ခန္ဓာအတွင်း ၀ါယောဓာတ် နှင့် ၎င်း၏ ပြောင်းလဲ
ပုံအဆင့်ဆင့် ကို ရှုကြည့်ကြပါစို့ ။

ကိုယ်ခန္ဓာအတွင်း ၀ါယောဓာတ် (၆)ပါး
====================
(၁) “အဿာ သ  ပဿာ  သ ”
ကျွန်ုပ်တို့ ၏ အသက်ရှူ မှုဖြစ်စဉ်တွင် လေကို ရှူသွင်းလိုက်လျှင် ၀င်လေသည် နှာသီးဖြားအဝ
ကိုတိုက်ခိုက်တွန်းဝှေ့ ၍ ၀င်သွားသကဲ့သို့ အဆုတ်တွင်းလေပြည့်လာ၍ ဖောင်းပွကားထွက်
လာသည် ။ထိုအခါ ကျွန်ုပ်တို့၏ ၀မ်းဗိုက်ဖောင်းလာသည် ဟု ခံစားရ၏။
- လေကို ရှူထုတ်လိုက်လျှင် အဆုတ်အတွင်း လေလျှော့သွား၍ အဆုတ်သည်ပိန်သွား၍
ဝမ်းဗိုက်ပိန်သွားသည် ဟု ခံစားရ၏။ ထွက်လေသည်လည်း နှာသီးဖြားအဝ
ကိုတိုက်ခိုက်တွန်းဝှေ့ ၍ ထွက်သွား၏။

(၂)“ဥဒ္ဓင်္ဂမ” = ၀မ်းတွင်းမှအထက်သို့ဆန်တက်၍ အပေါက်ရှိရာထွက်လာသောလေ။

(၃)“အဓောဂမ” = ၀မ်းတွင်းမှအောက်သို့စုန်ဆင်း ၍ အပေါက်ရှိရာထွက်သွားသောလေ။

(၄)“ကောဋ္ဌာသယ” = အူတွင်းအောင်း၍နေသော လေ။

(၅)“ကု စ္ဆိသယ” = အူအပြင်ဘက် ၀မ်းခေါင်း၊ရင်ခေါင်းထဲ၌ အောင်းနေသောလေ။
( ကု စ္ဆိသယလေ ထကြွသောင်းကျန်းသော် ၀မ်း၊ရင်ကိုဖောက်ထွက်၏ ။ ကိုယ်တွင်း
အခန်းခြားအမြှေးလွှာကို ဆုတ်ဖြတ်ဖောက်ခွဲ၍ သတ္တ၀ါတို့သေ၏ ။ )

(၆) “အင်္ဂမင်္ဂါနုသာရီ” = ၀မ်းခေါင်း၊ရင်ခေါင်းမှလွတ်ရာ တစ်ကိုယ်လုံးအနှံ့ အင်္ဂါကြီးငယ်သို့
သွေးကြောများထဲမှလှည့်လည်သွားလာနေသောလေ။
(အင်္ဂမင်္ဂါနုသာရီ လေ ပျက်စီးဖောက်ပြန်၍ ထကြွသောင်းကျန်းသော်သွေးကြောများနှင့်
အကြောများပြတ်တောက်၍ သတ္တ၀ါတို့ မျက်စိစွေခြင်း၊ပါးရွဲ့ခြင်း၊ခြေ လက်သေခြင်း၊
ကိုယ်တစ်ပိုင်းသေခြင်း၊ကိုယ်တစ်ခြမ်းသေခြင်း စသည့် လေဖြတ်ခြင်းရောဂါဖြစ်ပေါ်၏။)
===============================================
ပြင်ပ၀ါယောဓာတ်ကို ရှုကြည့်ကြပါစို့ ။

- စကြ်ာဝဠာအတွင်း ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီးကို လေထုက ပင့်ကာထောက်ကန်ထား၏။
ကမ္ဘာမြေကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၄နာရီတွင် တစ်ပတ်လည်၍ နေကိုလှည့်ပတ် ရွေ့လျားနေရာ
တစ်နှစ်(၃၆၅.၂၅ ရက် )တွင်တစ်ပတ် ပတ်မိ၏။ ဤအခြင်းအရာတို့သည် ၀ါယောဓာတ်၏အမှုပင်ဖြစ်၏။

- ထို့အတူ စက်ြဝဠာအတွင်း အခြားဂြိုဟ်များသည်လည်း ရွေ့လျားနေကြသည်ဖြစ်ရာ ၀ါယောဓာတ်၏အမူအရာ
များဖြစ်ပေသည်။ ဤတွင် ၀ါယောဓာတ် ကို ဝေါဟာရအခေါ် လေဓာတ် ဟုဆိုသော်ငြား
ယနေ့ခေတ် သိပ္ပံဝေါဟာရနှင့်မူ“ဝေါဟာရအခေါ် အငွေ့ဓာတ် ”ဟု ယူအပ်၏။

- ဓာတ်ငွေ့မော်လီကျူး တို့သည် အမြဲလှုပ်ရှားနေ၏ ။ ထောက်ကန်မှု ၊ ဖောင်းပွမှု ၊တွန်းဝှေ့မှု ၊သဘာဝရှိ၏။
သိပ္ပံဝေါဟာရ နှင့် ဆိုလျှင် ဖိအား(Pressure) ၊ ပင့်အား (Upward Thrust) ၊ဖော့ဂုဏ်( buoyancy) တို့ပင်ဖြစ်၏။
ထို ဖိအား(Pressure) ၊ ပင့်အား (Upward Thrust)၊ဖော့ဂုဏ်( buoyancy) တို့သည် ၀ါယောဓာတ်ဖြစ်၏။
သိသာထင်ရှားသော သာဓက အားဖြင့် ပြရလျှင် စက်ဘီး၊မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊လေယာဉ်ပျံ
ဘီးများ၏အတွင်းတာယာအတွင်းရှိလေထု၏ Pressure ဖြင့် ၀န်များကို ထောက်ကန်ထားသည်ကို ရှူမြင်နိုင်၏ ။

မိုးပျံပူဖောင်းများ အပေါ်သို့တက်ခြင်း၊သစ်ရွက်ခြောက်၊စက္ကူစများ လေထဲ၌ လွင့်ပျံ နေသည်ကိုကြည့်ခြင်းဖြင့်လေ၌ပင့်အား ရှိသည်ကို လွယ်ကူစွာပင်သိနိုင်၏ ။
ပင်လယ်ရေမျက်နှာပြင်တွင်လေထုဖိအား သည် 1 atm (760 mmHg) ရှိကြောင်း ယနေ့သိပ္ပံပညာကိုလေ့လာသူတို့သိရှိပြိးဖြစ်၏။

- အရည်များတွင်လည်း ထောက်ကန်မှု ၊ ဖောင်းပွမှု ၊တွန်းဝှေ့မှု ၊သဘာဝဖြစ်သော
ဖိအား(Pressure) ၊ ပင့်အား (Upward Thrust) ၊ဖော့ဂုဏ်( buoyancy) စသော (၀ါယောဓာတ်) သည် ရှိ၏ ။
- ဘိလပ်ရည် ၊ ကိုကာကိုလာ၊ ဘီယာ စသောအရည်များအတွင်းတည်ရှိသော ဓာတ်ငွေ့များကိုမူထင်ရှားစွာတွေ့မြင်နိုင်၏။

- ပင်လယ်ရေ ၊ ရေပေါ်တွင် လှေ၊သင်္ဘော ၊ နှင့်အခြားအရာဝတ္ထုများ ပေါလောပေါ်နေခြင်း သည် ရေ၌ ပင့်အား၊ထောက်ကန်အား(၀ါယောဓာတ်)
ရှိကြောင်းကိုပြ၏။ ထိုနည်းအတူအခြားအရည်များတွင်လည်း ပင့်အား (၀ါယောဓာတ်)ရှိလေ၏။

- အရည်တစ်ခုအတွင်းသို့အစိုင်အခဲတစ်ခုကို နှစ်လိုက်လျှင် ၎င်းအစိုင်အခဲပေါ်သို့ အရည်မှပင့်အားသက်ရောက်သဖြင့်
၎င်းအစိုင်အခဲ၏အလေးချိန်လျှော့သွား၏။ ဤလျော့သွားသောအလေးချိန်သည် အစိုင်အခဲပေါ်သို့သက်ရောက်နေသောအရည်၏ ပင့်အား ပင်ဖြစ်၏။
ဤအချက်ကို အာခိမိဒီးစ် Archimedes (287-212 BC) က စတင်တွေ့ရှိ၍ သီအိုရီထုတ်ခဲ့၏။


အရည်၏ပင့်အား = အစိုင်အခဲကဖယ်ပစ်လိုက်သော အရည်၏အလေးချိန်
(အထက်ပါပုံသေနည်းကို အငွေ့တွင်လည်းသုံးနိုင်သည်။)

- အရည်တစ်ခုအတွင်းတွင်ဖိအား(Pressure) ရှိ၏။ အရည်တစ်ခု အတွင်းဖိအားသည် အနက်ကိုလိုက်၍ပြောင်းလဲကြောင်းအောက်ပါပုံသေနည်းဖြင့် သိနိုင်၏။

အရည်တစ်ခုတွင်း အနက်h ရှိဖိအား= လေထုဖိအား+(အရည်၏သိပ်သည်းခြင်းxကမ္ဘာ့ဆွဲအားကြောင့်ဖြစ်သောအရှိန်x h )

(အထက်ပါပုံသေနည်းကို အငွေ့တွင်လည်းသုံးနိုင်သည်။)

- ဟိုက်ဒြောလစ်ဖိစက်၊ယာဉ်များတွင်သုံးသော ဟိုက်ဒြောလစ်ဘရိတ် နှင့် တခြားဟိုက်ဒြောလစ်ပစ္စည်းများသည်
အငွေ့၊အရည်ရှိ ၀ါယောဓာတ်ကို အသုံးပြုထားသော စက်ပစ္စည်းများပင်ဖြစ်ကြ၏။

ယခုအခါ Pressure ကိုတိုင်းတာသော ကိရိယာများ ပေါ်ပေါက်နေပြီဖြစ်သဖြင့် ၀ါယောဓာတ်၏ ပြောင်းလဲမှု(အနိစ္စ)ကို
အလွယ်တကူသိမြင်နိုင်ပြီဖြစ်ရာ ပညာအသိသို့ ကူးပြောင်းရယူရန်သာရှိတော့သည်။

- အက်တမ်တစ်ခုတွင်လည်း ၀ါယောဓာတ်သည်ရှိ၏ ။ အက်တမ်တစ်ခုတွင် အီလက်ထရွန်တို့သည် နယူကလိယပ်ကိုမရပ်မနားလှည့်ပတ်ရွေ့လျားနေ၏။
သို့အတွက် ၎င်းအီလက်ထရွန်အမှုန်တစ်ခုစီတွင် ၀ါယောဓာတ်ရှိ၏။

-တခါအီလက်ထရွန်အချင်းချင်းအကြားတွန်းကန်အားလည်းရှိ၏။

ဤတွန်းကန်အား(ထောက်ကန်အား)သည် အက်တမ်တစ်လုံး၏ အရွယ်အစားကိုပြဌာန်းသောအချက်တစ်ချက်ဖြစ်၏။

အချုပ်ဆိုရသော် အခြေခံမှုန်အီလက်ထရွန်၊အနုမြူ(အက်တမ်)အမှုန် ၊အစိုင်အခဲ၊အရည်၊အငွေ့ နှင့်စက်ြဝဠာအတွင်း
ကမ္ဘာ နှင့် ဂြိုဟ် အားလုံးတို့တွင် ၀ါယောဓာတ်ရှိသည် ဟုသိအပ်ပေသည်။

“သညာအသိမှ ပညာအသိသို့ ကူးပြောင်းသိလွယ်နိုင်ကြပါစေ ”


အနတ္တဒီပနီကျမ်းတွင် လယ်တီဆရာတော်ဘုရားက ဤသို့ လမ်းညွှန်ပြ၏။

ပရမတ္ထသစ္စာဖက်၌ အဘယ်မျှလောက်သောတရားကို ကောင်းစွာမြင်သည်ရှိသော်
အတ္တဒိဌိ ၏ အနုသယကိစ္စလေးချက် တို့ကို အစဉ်အတိုင်းပယ်သတ်နိုင်ပါသနည်းဟူမူကား.....

“ရုပ်တရားဖက်၌ - ပထ၀ီဓာတ်၊အာပေါဓာတ်၊တေဇောဓာတ်၊၀ါယောဓာတ်၊အာကာသဓာတ် ဟူ၍ ဓာတ်( ၅ )ပါး နှင့်
ထိုရုပ်တရားတို့ကို ဖြစ်ပွားစေတတ်သော ကံ ၊ စိတ် ၊ ဥတု ၊ အဟာရ ဟူသောအကြောင်းတရား ( ၄ ) ပါး ။

-နာမ်တရားဖက်၌ - ၀ိညာဏ် ၊ ဝေဒနာ ၊ သညာ ၊ စေတနာ...ဟူ၍ ( ၄ ) ပါး။

-ရုပ် ၊နာမ်တရားတို့၌ရှိသော - ဇာတိ ၊ ဇရာ ၊ မရဏ .. ဟူ၍ (၃)ပါး
  စသော(၁၆)ပါးသော တရားတို့ကိုကောင်းစွာမြင်သည်ရှိသော်
အတ္တဒိဌိ ၏ အနုသယကိစ္စလေးချက် တို့ကို အစဉ်အတိုင်းပယ်သတ်နိုင်၏ ” ဟု ဆုံးမခဲ့ပါ၏။

သို့အတွက်ဓမ္မမိတ်ဆွေတို့  အတ္တဒိဌိ ကိုအကြမ်းမျှလောက်ပယ်သတ်နိုင်စေခြင်းငှာ
ကျွန်ုပ်လေ့လာ၊ဆည်းပူး၊သင်၊အံ၊ကျင့်ကြံ ၊ အားထုတ်မှု တို့မှ ရရှိသော ရုပ်တရား၏
ပရမတ်များမှ ပထ၀ီ၊အာပေါ၊တေဇော၊၀ါယော (ဓာတ်ကြီးလေးပါး)ကို ကျွန်ုပ်သိသလောက်
ဖော်ပြပေးပြီးဖြစ်ပါသည်။
ယခု အဇာတရုပ်(၁၀)ပါး မှ  ပရိစ္ဆေဒရုပ် ဖြစ်သော  အာကာသဓာတ်  ကိုဆက်လက်ဖော်ပြပါမည်။
                          -------------------------------------------------
                                         အာကာသဓာတ်                   
အာကာသဓာတ်  (ဝေါဟာရအခေါ် - ကောင်းကင် ဟင်းလင်းပြင်ဓာတ်)
========
အာကာသဓာတ်ဆိုသည်ကား -ရုပ်ကလပ်အချင်းချင်းခြားမှုတည်း ။ ဤခြားမှုကိုအစွဲပြု၍
ဤသည်ကားရုပ်ကလပ်တစ်ခု ၊ဤသည်ကားရုပ်ကလပ်တည်းဟု ပိုင်းခြားမှု ၊
ဤ၀တ္ထု၌ ရုပ်ကလပ်ပေါင်း တစ်ဆယ်ရှိသည် တစ်ရာရှိသည်၊တစ်ထောင်ရှိသည် စသည်ဖြင့်
ရေတွက်မှုများသည် ထင်ရှားရှိနေ၏။
ဥပမာကား- အလွန်ခက်မာသောမြေစိုင်ခဲကို ကြည့်ရှုရာ၌ ဤကားမြေမှုန့်တစ်ခု ၊ ဤကားမြေမှုန့်တစ်ခု
ဟုခွဲခြားနိုင်ခြင်းသည် အာကာသဓာတ်၏အစွမ်းပင်တည်း ။
ထို့ကြောင့် အထည်ဝတ္ထုတို့ကို ထုခွဲကြိတ်နယ်ရာ၌ ထိုအာကာသရှိသေးသမျှကာလပတ်လုံး
အစိတ်စိတ်အမွှာမွှာကွဲလေရာ၏။
အလွန်သေးနုပ်၍သွားသဖြင့် ကလပ်တစ်ခုစီအသီးသီးဖြစ်ကြသောအခါမှသာ ကွဲပြားခြင်းမရှိပြီ ။
ကုန်ဆုံးခြင်းသို့ရောက်ကြကုန်ရာ၏။ ရုပ်ကလပ်တို့၏ကွဲပြားမှုသည် အာကာသဓာတ်၏ အနိစ္စပင်တည်း။
(လယ်တီဆရာတော်ဘုရား ၏ အနတ္တဒီပနီ - မှ)
-------------------------------------------------------------------------------------
လယ်တီဆရာတော်ဘုရား ၏ တပည့်ရင်းဖြစ်သော သေက္ချတောင်ဆရာတော် အရှင်တိလောကမထေရ်
ကလည်းဤသို့ ရှင်းပြ၏။
“  ဘာမျှအရုပ်မရှိသော ဟင်းလင်းပြင်ကိုကောင်းကင် အာကာသဓာတ် ဟုမှတ်ထင်ပြုလုပ်သမုတ်ခေါ်ဆိုကြရာ၏။

အလွန်သေးနုပ်၍သွားသဖြင့် ကလပ်တစ်ခုစီအသီးသီးဖြစ်ကြသော ပရမတ္ထရုပ်ကလပ်ကလေးတွေ၏
အကြားကြားမျှသာဖြစ်သော အာကာသဓာတ်ကို ပကတိ မံသမျက်စိဖြင့် ကြည့်၍ သိနိုင်မြင်နိုင်တော့မည်
မဟုတ်၊ဥာဏ်မျက်စိဖြင့်ကြည့်မှသာ သိနိုင်မြင်နိုင်တော့သည်။

ရေတွေထဲမှာလည်းအကြားကြည့်၍မမြင်။နို့ရည်တွေထဲမှာလည်းအကြားကြည့်၍မမြင် ။
ထိုရေထဲသို့ နို့ရည်ကိုလောင်းထည့်လိုက်လျှင် အကုန်လုံးပျံ့နှံ့၍သွား၏။
ရေတွင်းသို့ နို့ရည်မရောက်သောနေရာ ၊ နို့ရည်တွင်းသို့ ရေမရောက်သောနေရာဟူ၍
ပရမာအဏုမြူ တစ်လုံးစာလောက်မျှ မရှိပြီ ။ အကုန်လုံးပျံ့နှံ့၏။ ဤနေရာတွင် သမူဟချင်းကား
ရောကြသည်ဖြစ်၍ အကြမ်းမျက်မြင်အားဖြင့် ရောနှော၍ နေသည်ဟူ၍ ပင်ဆိုရ၏။

ထိုသို့ဆိုသော်လည်း ရေကလပ်ကား နို့ရည်ဖြစ်၍မသွား၊နို့ရည်ကလပ်အတွင်းသို့မ၀င် ။
 နို့ကလပ်သည်လည်းရေကလပ်ဖြစ်၍မသွား ၊ရေကလပ်အတွင်းသို့မ၀င်။
နို့ရည်ကလပ်ကလေးတွေ တစ်ခုနှင့်တစ်ခု စပ်ကြားသို့ ရေ ၊
ရေကလပ်ကလေးတွေ တစ်ခုနှင့်တစ်ခု စပ်ကြားသို့ နို့ရည် အားဖြင့် တစ်ခုအကြားတစ်ခုသာ
စိမ့်ဝင်၍နေကြ၏။
ပရမတ္ထရုပ်ကလပ်ချင်းကားမရောကြပြီ။ ထိုသို့မရောခြင်းကြောင့် မီးဖိုပေါ်တင်၍ မရိုး အရိုးစိုနှင့်
မွှေလျှင် နို့ရည်ကားခဲ၍မာသွား၏။ရေကား ရေအတိုင်းပင်ကျန်ရစ်၏။

ရေနှင့် နို့ရည်ရောနှောပျံ့နှံ့၍နေကြရာ၌ အကယ်၍ ရေအတွင်း၌ အကြားအာကာသဓာတ်မရှိငြားအံ့၊
ရေတွင်းသို့နို့ရည်မ၀င်နိုင် မပျံ့နှံ့နိုင်ရာ ။ ထို့အတူ နို့ရည်အတွင်း၌ အကြားအာကာသဓာတ်မရှိငြားအံ့၊
နို့ရည်အတွင်းသို့ ရေမမ၀င်နိုင် မပျံ့နှံ့နိုင်ရာ ။ လက်တွေ့တွင်ထိုသို့ကားမဟုတ် စိမ့်ဝင်ပျံ့နှံ့ကြ၏။
သို့အတွက် ရေ ၊ နို့ရည်တို့အတွင်း၌ အကြားအာကာသဓာတ်တွေ စေ့၍ စပ်၍ နေကြ၏ ဟုမှတ်ရမည်။”

အခြားအရည်များကိုလည်းဤနည်းအတိုင်း မှတ်ယူရမည်ဖြစ်သည်။
==================================================
အာကာသဓာတ် သည် Space ပင်ဖြစ်သည်။
အရာဝတ္ထုများ (အစိုင်အခဲ၊အရည်၊အငွေ့ ) တွင် အက်တမ် ၊ မော်လီကျူးများ
ပါဝင်ဖွဲ့စည်းထားကြောင်းကို ပထ၀ီဓာတ် တွင်အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါသည်။
အီတလီနိုင်ငံသား Amedeo Avogadro က တူညီသောအပူချိန်နှင့်ဖိအားမှာထုထည်တူညီသော ဓာတ်ငွေ့အားလုံးတွင် တူညီသော မော်လီကျူးအရေအတွက်ရှိသည် ဟူသော ယူဆချက်ကို တင်သွင်းနိုင်ခဲ့၏။

အပူချိန် 273K(0 'C) နှင့် ဖိအား 1 atm (760 mmHg = 100kPa) တွင် ထုထည် 22.4 လီတာ( liters) ရှိ မည်သည့်ဓာတ်ငွေ့တွင်မဆို မော်လီကျူးအရေအတွက် 6.02214179×1023  ရှိကြောင်း
 1895 ခုနှစ်တွင်Austrian ဓာတုဗေဒဆရာ Josef Loschmidt ကပထမဦးဆုံး  ရေတွက်ပြ၍
Avogadro ၏ယူဆချက်မှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့သည်။
ထိုမှတဆင့် Avogadro's number = 6.02214179×1023 ကိုသတ်မှတ်နိုင်ခဲ့သည်။

ယနေ့ခေတ်သိပ္ပံပညာရပ်တွင် အရာဝတ္ထုများ (အစိုင်အခဲ၊အရည်၊အငွေ့ ) ၏ပမာဏကို
Mole ဟူသော ယူနစ်ဖြင့်ဖော်ပြလာကြသည်။
1 mole of substance = Quantity of  6.02214179×1023 particles .
(အရာဝတ္ထု ၁ မိုး သည် အမှုန်အရေအတွက်ပေါင်း 6.02214179×1023၏ ပမာဏဖြစ်သည်။)

ဤတွင်အမှုန်များ( particles ) ဆိုသည်မှာ အီလက်ထရွန်၊ပရိုတွန်၊အက်တမ် နှင့် မော်လီကျူးတို့ကို ဆိုလိုသည်။

ဥပမာ -
- ကြေးနီသတ္တု  1 mole သည် 63.5gram နှင့်ညီမျှ၍ ကြေးနီအက်တမ်ပေါင်6း.02214179×1023
ပါဝင်သည်။
- ရေ  1 mole သည် 18 gram နှင့်ညီမျှ၍ ရေမော်လီကျူး ပေါင်း 6.02214179×1023 ပါဝင်သည်။

-ဟိုက်ဒြိုဂျင်ဓာတ်ငွေ့  1 mole သည် 2 gram နှင့်ညီမျှ၍ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့မော်လီကျူး ပေါင်း 6.02214179×1023 ပါဝင်သည်။
တခြားအစိုင်အခဲ၊အရည် နှင့် အငွေ့ များ ကိုလည်းဤသို့ ရေတွက်နိုင်၏။

မော်လီကျူးတို့ ကိုပြန်လည်ခွဲခြမ်းသော် ပါဝင်ပေါင်းစပ်သော ဒြပ်စင်အက်တမ်များ၏ အရေအတွက်ကို လည်း ရေတွက်နိုင်သေး၏ ။
ရေမော်လီကျူးများ
ဥပမာ- ဟိုက်ဒြိုဂျင် မော်လီကျူး တစ်ခုတွင် ဟိုက်ဒြိုဂျင် အက်တမ် (၂)  ခု ပေါင်းစပ်နေ၏။


-  ရေမော်လီကျူးတစ်ခုတွင်ဟိုက်ဒြိုဂျင်အက်တမ်(၂)ခု  နှင့် အောက်ဆီဂျင်အက်တမ် (၁)ခုပေါင်းစပ်နေ၏။

-  အိမ်သုံးဆား(ဆိုဒီယမ်ကလိုရိုဒ်) အစိုင်အခဲ ကလပ်စည်းတစ်ခုတွင် ဆိုဒီယမ်အက်တမ်(၁)ခုနှင့်   ကလိုရင်းအက်တမ်(၁)ခု ပေါင်းစပ်နေ၏။။
ကျန်သော အစိုင်အခဲ၊အရည်၊အငွေ့ များတွင်လည်း ဤသို့ပင်ဖြစ်သည် ။

ထိုသို့ အစိုင်အခဲ၊အရည်၊အငွေ့ တို့တွင်ပါဝင်သည့် အက်တမ် နှင့်မော်လီကျူးတို့ကိုရေတွက်နိုင်ခြင်းသည်
အက်တမ်တစ်ခုနှင့်တစ်ခုအကြားတွင် သော်လည်းကောင်း
မော်လီကျူးတစ်ခှုနှင့်တစ်ခုအကြားတွင်သော်လည်းကောင်း နေရာလပ် Space (အာကာသဓာတ်)ရှိသောကြောင့်ဖြစ်ပေသည်။

အက်တမ်တစ်ခုကို တစ်ခါ ပရမတ်ပြန်ခွဲသော် အက်တမ်၏ဗဟို(နယူကလိယပ်) ကို အီလက်ထရွန်တို့က တိကျသောစွမ်းအင်ရှိလမ်းကြောင်း(Orbit (or) Shell )များတွင်သာ လှည့်ပတ်နေ၏ ။
ထိုသို့လှည့်ပတ်နေသော လမ်းကြောင်းတစ်ခုနှင့်တစ်ခုအကြား
 လေဟာနယ် Space များသာဖြစ်ကြောင်း
ရာသာဖို့ က အယ်လဖာရောင်ခြည်ဖြင့် ရွှေပြားကို ပစ်ခတ်၍ လက်တွေ့ ပြခဲ့၏ ။
 ၎င်းစမ်းသပ်ချက်ဖြင့် အက်တမ်တစ်ခုလုံးနီးပါး Space ဟင်းလင်းပြင်
ဖြစ်ကြောင်းသိခဲ့ရသည်။

လေဆာရောင်ခြည်၊ X - ray စသည့်ဓာတ်ရောင်ခြည်များ သတ္တ၀ါတို့၏ ကိုယ်ခန္ဒာ ၊သတ္တု တုံး များ ကို ဖောက်ထွက်နိုင်ခြင်းသည်လည်း
သတ္တ၀ါတို့၏ ကိုယ်ခန္ဒာ ၊သတ္တု တုံး များ တွင် နေရာလပ်(အာကာသဓာတ်)ရှိကြောင်းသာဓကပင်ဖြစ်ပေတော့သည်။

အနှစ်ချုပ်ဆိုရသော် ... စကြ်ာဝဠာ၊အစိုင်အခဲ၊အရည် ၊ အငွေ့၊ မော်လီကျူး ၊အလင်းရောင်ခြည် ၊အက်တမ် ၊ပရိုတွန် စသည့် ပရမတ်အမှုန်မဟုတ်သော ရုပ်အားလုံးတွင် နေရာလပ် အကြား ဟုဆိုအပ်သော အာကာသဓာတ်သည်ရှိ၏ ဟု မှတ်ရာသည်။
ဤတွင်ရုပ်ဓာတ်(၅)ပါးပြီးပါပြီ ။
===========================
နိဂုံး
----
ပြဆိုခဲ့ပြီးသော“ သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း ” အပိုင်းအားလုံးကို ပြန်ချုပ်ရသော် ...
 ပထ၀ီဓာတ်၊အာပေါဓာတ်၊တေဇောဓာတ်နှင့် ၀ါယောဓာတ် တို့သည် ဓာတ်တစ်ခုတည်းမနေ စက်ြဝဠာမှသည် ပရမတ်အမှုန်များ
အထိ ရုပ်အားလုံးတွင် မဟာဘုတ်ဓာတ်ကြီး(၄)ပါး အတူတွဲလျှက်ရှိကြောင်း။
ပရမတ်အမှုန်(အခြေခံကျဆုံးအမှုန်) မှအပ ကျန် ရုပ်အားလုံး တွင် အာကာသဓာတ်ရှိသည် ရှိကြောင်း။

ထို့အပြင်  ထိုပရမတ် ရုပ်ကလပ်တစ်ခုစီတွင် မဟာဘုတ်ဓာတ်ကြီးလေးပါးအပြင် ၎င်းဓာတ်(၄)ပါးကိုမှီ၍ဖြစ်သော
 ရုပ်ဂုဏ်သတ္တိများ(Physical Properties)ဖြစ်သောအဆင်းရုပ်(၀ဏ္ဏ) ၊အနံ့ရုပ်(ဂန္ဓ) ၊ ရသရုပ်(ရသ) များနှင့်
ဓာတ်ဂုဏ်သတ္တိများ(Chemical Properties) ဖြစ်သော သြဇရုပ်(သြဇ) ဟုဆိုအပ်သော ဥပါဒါရုပ် ၄ပါး သည်လည်းအတူတကွပေါင်းစုနေပေ၏။

အနှစ်ချုပ်သော် ပရမတ်ရုပ်ကလပ်(အခြေခံကျဆုံးအမှုန်) တစ်ခုတွင်
ပထ၀ီ၊အာပေါ၊တေဇော၊၀ါယော၊ ၀ဏ္ဏ ၊ ဂန္ဓ ၊ ရသ၊
ဟုဆိုအပ်သော အဌကလပ်ရုပ် ၈ ပါး သည် ခွဲ၍ မရအောင် အတူတွဲတည်ရှိနေကြောင်း ဆင်ခြင်သိမှတ်ရာ၏ ။
 
မဂ္ဂင်၈ပါးလမ်းကြောင်းပေါ်သို့တက်ကြပါ
---------------------------------------------
ကျွန်ုပ် ရေးသားတင်ပြခဲ့သော “သမ္မုတိနယ်မှ ပရမတ္ထနယ်သို့ လှမ်းမျှော်ကြည့်ခြင်း” ကိုဖတ်ရှုပြီးနောက် ရုပ်နှင့်ပတ်သက်၍
ပရမတ်သဘောတရားကို အနည်းငယ်မျှလောက် တီးမိခေါက်မိပြီး မဂ္ဂင်၈ပါးလမ်းကြောင်းပေါ်သို့တက်ကာ နိဗ္ဗာန်သို့ရည်မျှော်
တည့်တည့်မတ်မတ်လျှောက်လှမ်းကြ ၍ တို့ဘာသာသာသနာကိုစောင့်ထိန်းကြပါစို့ဟု  တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

“သညာအသိမှပညာအသိသို့ ကူးပြောင်းရန်  မဂ္ဂင်၈ပါးလမ်းကြောင်း သည် တစ်ကြောင်းတည်းသောလမ်းဖြစ်သည်။”

“ဗုဒ္ဓမြတ်စွာသာသနာ ကိုယ်စီရင်ထဲ တည်ကြ လင်းကြစေ။”
ဘုရား ၊တရား ၊သံဃာ ၊ မိဘ၊ ဆရာ တို့၏ အနန္တကျေးဇူးတော်၊ဂုဏ်တော်တို့ကြောင့်
အားလုံး..ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊လန်းဖြာကြပါစေ၊လိုအင်ဆန္ဒပြည့်ကြပါစေ။


မေတ္တာဖြင့် -- လွင့်မောင်မောင်(ထားဝယ်)
                  ၇- ၉ - ၂၀၁၄  တနင်္ဂနွေ နံနက် ၁နာရီ၄၅မိနစ်။

Comments